Saturday, September 22, 2012

နွေရာသီမှာရွာတဲ့မိုး

-->
နွေရာသီ…။
          မိုးစက်မိုးပေါက်ကလေးများက ကမ္ဘာမြေပြင်ပေါ်သို့ တဖွဲဖွဲလွင်စင်၍ကျနေသည်။ မျှော် လင့်မထားသည့် မိုး။ သို့သော် တမ်းတနေရသော အေးမြမှု။ အခါမဲ့မိုးသည် အညာဒေသ ကျေး လက်တောရွာလေးတစ်ရွာ၏ ပူပြင်းခြောက်သွေ့ခြင်းကို ရုတ်တရက် အနိုင်ယူလိုက်၏။ ရွာသူ ရွာသားများက အချိန်မဟုတ်ရွာသွန်းသည့်မိုးကို ကြည့်၍ အံ့သြကြသော်လည်း အေးချမ်းသော အတွေ့အထိကြောင့် ပျော်ရွှင်နေကြသည်။ ထိုအေးချမ်းမှုကို သယ်ဆောင်လာသော မိုးစက်မိုး ပေါက်များအကြား၌ သူတို့အဖွဲ့ ရွာသို့ ရောက်ရှိလာခဲ့၏။ သူတို့အဖွဲ့ဆိုသည်မှာ ရန်ကုန်သာ သနာ့တက္ကသိုလ်မှ သင်တန်းသား သံဃာတော်များဖြစ်သည်။ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေး သော သက်တူရွယ်တူ ရဟန်းငယ်များ ရွာတွင်းသို့ အဖွဲ့လိုက်ဝင်လာခြင်းဖြစ်သဖြင့် ရွာသူရွာ သားများက စူးစမ်းသော အကြည့်နှင့်ကြည့်နေကြသော်လည်း တည်ငြိမ်သော ဣနြေ္ဒနှင့်တက် ကြွလန်းဆန်းသော အသွင်အပြင်များကြောင့် ရင်တွင်းကိုယ်စီ၌ ကြိတ်၍ ကြည်ညိုနေမိကြ သည်သာ…….။ သို့သော်……..။

                                      x        x        x        x        x        x

ပညာဒါ (အခမဲ့)
နွေရာသီယဉ်ကျေးလိမ္မာနှင့် နိုင်ငံတကာအဆင့်မီ
အင်္ဂလိပ်စကားပြောသင်တန်း
သင်တန်းကာလ -ဧပြီ ၂၂ မှ မေ ၂၂ အထိ
သင်တန်းသားဦးရေ အကန့်အသတ်မရှိ စတင်လက်ခံနေပါပြီ

          ဗီနိုင်းဖြင့်ပြုလုပ်ထားသော အထက်ပါသင်တန်းကြော်ငြာဆိုင်းဘုတ်ကို ရွာဦးဘုန်း တော်ကြီးကျောင်းရှေ့၌ ချိတ်ဆွဲထား၏။ ဖြတ်သွားဖြတ်လာ ရွာသူရွာသားများက လှည့်၍ ကြည့်ကြသည်။ ကလေးသူငယ်များက အထူးသဖြင့် ရပ်၍ စုပြုံကာ ငေးမောကြည့်ရရှုအားပေး ကြ၏။ အသံထွက်၍ စာလုံးပေါင်းကာ ဖတ်ကြ၏။ အချင်းချင်းလည်း ငြင်းကြခုန်ကြ ရန်ဖြစ်ကြ ၏။ ဗီနိုင်းဆိုင်းဘုတ်၏ ရှေ့၌ပင်လျှင် နပမ်းလုံးကြ၏။ ငိုကြ၏။ ရယ်ကြ၏။ မိခင်ဖခင်တို့၏ အော်ဟစ်ကြိမ်းမောင်းရိုက်ပုတ်ကာ ပြန်လည်ခေါ်ဆောင်သွားခြင်းကို ခံရသည့်ကလေးများ ရှိ သကဲ့သို့ သူ့အလိုလို ပြန်ကြသည့်ကလေးများလည်း ရှိ၏။ နေမ၀င်မချင်း မပြန်ကြသည်လည်း ရှိ၏။ ဤသည်တို့မှာ အထက်ပါ သင်တန်းကြော်ငြာ၏ ဆွဲဆောင်အားကောင်းမှုများပင် ဖြစ် တော့သည်။
          ရွာဦးဘုန်းတော်ကြီးကျောင်း၏အတွင်း လူသူလေးပါးကင်းရှင်းရာ ဓမ္မာရုံပေါ်၌ကား သူ တို့အဖွဲ့ ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေကြ၏။
          “သူငယ်တန်းကနေ လေးတန်းအထိကို ပထမအဆင့်၊ ငါးတန်း၊ ခြောက်တန်းနဲ့ ခုနစ် တန်းကို ဒုတိယအဆင့်၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းနဲ့အထက်ကို တတိယအဆင့် ဒီလိုသုံး ဆင့်ခွဲပြီး သင်မှ အဆင်ပြေလိမ့်မယ်။”
          ဟု အဖွဲ့ဝင်တစ်ဦးက အဆိုပြုလိုက်၏။
          တစ်ဦးက ခေါင်းကိုတွင်တွင်ခါယမ်းလျက် ထိုအဆိုကို ထ၍ ကန့်ကွက်သည်။
          “ရှစ်တန်းဆိုတာ ငယ်တယ်။ အကြီးတွေနဲ့ တွဲပြီးမသင်သင့်သေးဘူး။ မလိုက်နိုင်ဖြစ်ပြီး စိတ်ပျက် အားငယ်သွားတတ်တယ်။ ဒါကြောင့် ခုနစ်တန်းနဲ့ ရှစ်တန်းကို Level တစ်ခုအဖြစ်သီး သန့် သတ်မှတ်သင့်တယ်။”
          ဟု သူ့အမြင်ကို တင်ပြ၏။ အခြားအဖွဲ့ဝင်တစ်ဦးက ဒုတိယပုဂ္ဂိုလ်၏အဆိုကို ထောက် ခံ၏။
          ဤသို့ စသဖြင့် အလုပ်ရှုပ်နေကြသည်။

                                       x       x        x        x        x        x
         
          သို့နှင့် သူတို့အဖွဲ့သင်တန်းစရန်ကြော်ငြာထားသော ဧပြီလ ၂၂ ရက်နေ့မတိုင်မီတစ် ရက်အလိုသို့ ရောက်လာလေသည်။ သို့သော် သင်တန်းတက်ရန် စာရင်းလာသွင်းသူဟူ၍ တစ် ဦးတစ်လေမျှပင် မရှိသေး။ ထို့ကြောင့် သင်တန်းပို့ချရန်လာကြသည့် ဆရာများ အကြံအိုက်နေ ကြ၏။
          “ကိုယ်တော်ကို တပည့်တော် အစကတည်းက မပြောဘူးလား။ ရွာက လူကြီးသူမတွေ နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သူတို့ရဲ့အကူအညီကို ရယူပြီး ကျောင်းသားမိဘတွေက ကလေးတွေကိုသင်တန်းမှာလာအပ်ပေးဖို့ တိုက်တွန်းအားပေးခိုင်းပါမှ အဆင်ပြေနိုင်ပါမယ် ဆို တာလေ။  ကိုယ်တော်က ဗီနိုင်းအားကိုးနဲ့ ရပါတယ်။ ရပါတယ်ပဲ ပြောနေခဲ့တာ။ အခုတော့ ဘယ်လိုလုပ်မလဲ။ မနက်ဖြန်ဆိုရင်ပဲ သင်တန်းစရက်ရောက်ပြီ။ ဘယ်သူမှလည်း လာမအပ် သေးဘူး။ ရှက်တတ်မယ်ဆိုရင် ရှက်ဖို့တောင်ကောင်းတယ်။”
          “ဟ အရှင်ဘုရားကလည်း ……တပည့်တော်က ဒေသခံဆိုပေမယ့် ဒီရွာကို ပြန်မ ရောက်ဖြစ်တာ တော်ေ်တ်ာကြာနေပြီ၊ အဲဒါကြောင့် ဘယ်လူကြီးသူမနဲ့မှလည်း ရင်းရှင်းနှီးနှီး မရှိဘူး။ ဆရာတော်ကြီးကလည်း အသက်ရှစ်ဆယ်ကျော် ကိုးဆယ်နားနီးပြီဆိုတော့ ဘာမှ သိ တော့တာမဟုတ်ဘူး။ အခုတောင်ကြည့်ပါ့လား။ အရှင်ဘုရားတို့ တပည့်တော်တို့ ဗုဒ္ဓဘာသာ ရွာမှာလာနေပြီး ဆွမ်းကွမ်း မပြည့်စုံလို့ ကိုယ်တိုင်ဆန်ဝယ် ကိုယ်တိုင်ပဲ ချက်စားနေကြရတာ။ ဘယ်သူ့ကိုသွားပြီးတိုင်ပင်နေရမှာလဲ။ အဲဒါကြောင့် ဆိုင်းဘုတ်အားကိုးနဲ့ သင်တန်းဖွင့်မယ်လို့ ကြော်ငြာတာပေါ့။ တပည့်တော်တို့က ဒီမှာလာပြီးကိုယ်ကျိုးရှာနေတာမဟုတ်ဘူး။ သာသနာ ပွင့်လင်းမှု အားနည်းလွန်းလို့ ကိုယ့်အားလပ်ရက်မှာ စွမ်းနိုင်သမျှ ပညာဒါနပြုရင်း သာသနာပြု တာပဲ။ မနက်ဖြန်ရောက်လို့မှ လာတက်တဲ့လူ မရှိရင်တော့လည်း သန်ဘက်ခါ ပြန်ကြတာပေါ့။ ဘာမှမခက်ပါဘူး။ ရှက်မနေစမ်းပါနဲ့။ ကိုယ့်လည်း ဘယ်သူမှ သိတာမဟုတ်ပါဘူး။ ”
          သင်တန်းကို တာဝန်ယူထားသည့် ဒေသခံဦးဇင်းနှင့် အကူအညီအဖြစ်လိုက်လာသော ဦးဇင်းလေးတစ်ပါးတို့၏ အချင်းချင်း ပြစ်တင်ဝေဖန်ပြောဆိုနေကြသော အသံများဖြစ်သည်။ ထို့ကြောင့် ဘေးမှကြားသော ဦးဇင်းတစ်ပါးက လေသံအေးအေးနှင့် ၀င်ရောက်ဖြန်ဖြေပေး၏။
          “အရှင်ဘုရားတို့ ဘယ်သူက ဘယ်သူ့ကိုမှ အပြစ်တင်ပြီး ငြင်းခုန်မနေကြနဲ့တော။ ဒီကိစ္စအတွက် တပည့်တော်မှာ အကြံအစီသစ်တစ်ခု ရှိပါတယ်။”
          အကြံအစီသစ်ဆိုသောကြောင့် သူတို့အဖွဲ့သားအားလုံး ခေါင်းထောင်လာကြသည်။ ပြီးနောက် သံပြိုင်အောဟစ်၍ တောင်းဆိုလိုက်ကြ၏။
          “အေး လုပ်ပါဦးကွ၊ ငါ့ရှင်ရဲ့အကြံအစီသစ်ကို”
          “ဒီလိုရှိတယ် အရှင်ဘုရားတို့ရဲ့”
          ထိုအကြံပိုင်သည်ဆိုသော ဦးဇင်းက ဘုရားအလောင်းတော် မဟော်သဓာပညာရှိ သုခမိန်၏ ဂိုက်မျိုးဖမ်းကာ သူ၏ New Idea (အကြံအစီသစ်)ကို တစ်လုံးချင်းစီ ဖြေးနှေးညင် သာစွာ မြွက်ကြား၏။ အဖွဲ့သားအားလုံးက မျှော်လင့်ချက်ရောင်ခြည်သန်းနေသော မျက်လုံး များကိုယ်စီဖြင့် စိတ်ဝင်တစား အာရုံစိုက်နေကြသည်။
“ဒီခေတ်ကြီးထဲမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တယ်ဆိုတာက….. စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာဆိုတဲ့အတိုင်း…..။ အရှင်ဘုရားတို့အနေနဲ့……”   
“ဟာ ဟေ့ ဒီမှာ ငါ့ရှင်၊ ပြောစရာရှိတယ်ဆိုရင်လည်း လိုရင်းကို မြန်မြန်ရောက်အောင် ပြော သိပ်မရစ်နဲ့ အလိုလိုက စိတ်ညစ်နေတာနော်……”
စိတ်မြန်လက်မြန်ရှိသော ဦးဇင်းတစ်ပါးက ၀င်၍ထောက်၏။ ထိုအခါ ပညာရှိသုခမိန် ကိုယ်တော်က သူ့အကွက်ဆိုက်လာသည့်ဟန်မျိုးဖြင့် လက်ညှိုးလေးကို လေထဲတွင် မြှောက်ချီ ပင့်ချီလုပ်ပြီး စိတ်မြန်သော ဦးဇင်းကိုပင် ဥပမာပြကာ သူ၏ ပြောလက်စစကားကို အတည်ပြု လိုက်သေးသည်။
“အဲဒါပြောတာပေါ့…အဲဒါ …စိတ်ရှည် သည်းခံရမယ်ဆိုတာ”
“ဒီအချိန်မှာ ဘာလုပ်သင့်သလဲ။ စဉ်းစားမိရင်လည်း လိုရင်းကိုပဲ ပြောစမ်းပါ ကိုယ်တော်။ အချင်းချင်းလာပြီး တော်ကီပွားမနေစမ်းပါနဲ့။”
ဟု အမြဲတမ်း တည်တည်တံ့တံ့နေလေ့ရှိသော အဖွဲ့ဝင်တစ်ဦးက တည်တည်တံ့တံ့ ဖြင့်ပင် ၀င်၍ပြောဆိုလိုက်၏။ ထိုအခါ ပညာရှိသုခမိန်ဦးဇင်းက တစ်ခွန်းတည်းသော ရဲရဲ တောက်စကားကို ဆိုလေသည်။
“ထူးထူးခြားခြား ဘာမှလုပ်စရာမလိုဘူး။ အဲဒီ ဗီနိုင်းဆိုင်းဘုတ်အောက်မှာပဲ ယနေ့ ညနေ ၅း ၀၀ နာရီတွင်သင်တန်းလက်ခံစာရင်း ပိတ်မည်လို့ သွားရေးထားလိုက်။ ဒါဆိုရင် ပြီး ပြီ။”
“ဟာ မဖြစ်နိုင်တာ၊ အခုအချိန်အထိ အပ်မယ့်လူတောင် မရှိသေးပါဘူးဆို။ စာရင်းပိတ်ဖို့အကြောင်းလာပြောနေသေးတယ်။ အကြံကောင်းဥာဏ်ကောင်းမှတ်လို့ နား ထောင်မိပါတယ်။  ပိုတော်ဆိုးနေသေးကွာ။”
ဟု ညည်းငြူသောလေသံဖြင့် တစ်ပါးက ဝေဖန်လေသည်။
“အဲ့ဒါပြောတာပေါ့။ အိုင်ကျူလိုပါတယ်ဆို။ ဒီမှာ တပည့်တော် ရှင်းပြမယ် နားထောင်။ လူဆိုတာက မရတာကိုမှ လိုချင်ကြတာ သဘာဝပဲ။ သင်တန်းလက်ခံစာရင်း ပိတ်တော့မယ်လို့ သာ ရေးထားလိုက်။ ငါများနောက်ကျနေရော့မလားဆိုတဲ့အတွေးနဲ့ ကြိတ်ကြိတ်တောင် တိုး လာဦးမယ်။ အဲဒါကို ဆိုက်ကိုလို့ ခေါ်တယ်။ မှတ်ထား”
သူပြောတော့လည်း ဟုတ်မလိုလို။ ထို့ကြောင့် မတတ်သာတော့သည့်အဆုံး သူ့အကြံ အစီကိုပင် အသုံးချလိုက်ရတော့သည်။


“ယနေ့ညနေ ၅း ၀၀ နာရီ  တိတိတွင် သင်တန်းလက်ခံစာရင်း ပိတ်မည်”

ညနေ ငါးနာရီဟူသော အချိန်သည် တဖြည်းဖြည်း နီးကပ်လာလေ၏။ သူတို့အဖွဲ့၏ မျှော်လင့်ချက်သည်ကား ဝေးသည်ထက်ဝေးသွားလေတော့သည်။ သို့ဖြင့် အချိန်တို့၏ ဓမ္မတာ အတိုင်း ရပ်နားစောင့်ဆိုင်းခြင်းမရှိ ပကတိ အမြန်နှုန်းဖြင့်ပင် သင်တန်းစာရင်းပိတ်ချိန်ကို ကျော်လွန်သွားခဲ့၏။ သင်တန်းသား သင်တန်းသူတို့ကား တစ်ဦးတလေမျှပင် ရောက်မလာချေ။
“ဘယ်လိုလဲ ဆိုက္ကို ပညာရှိကြီးရ၊ ကြိတ်ကြိတ်တောင်တိုးလာဦးမယ်ဆို ဘယ်မှာလဲ၊ ထားစရာတောင် နေရာမရှိတော့ဘူး။ ဟားဟား”
ဦးဇင်းတစ်ပါးက အကြံပိုင်သည်ဆိုသော ဦးဇင်းအား ခနဲ့လိုက်၏။
“အား ..ကိုယ်တော်ကလည်း ရုတ်တရက်ဆိုတော့ မမြင်မိကြလို့ နေမှာပါ။ မနက်ကျရင် စောစောထပြီး ယနေ့နံနက် ၈း ၀၀ နာရီ သင်တန်းလက်ခံစာရင်း ပိတ်တော့မည် လို့သာ ရေး ထားလိုက် အားလုံး အဆင်ပြေသွားစေရမယ်။”
ဆိုက္ကိုသမား ပညာရှိသုခမိန်ကိုယ်တော်ကလည်း လျှော့မပေး။ ဆင်ခြေသာပေးသည်။ ထို့ကြောင့် အခြားဦးဇင်းတစ်ပါးက ထ၍ဆို၏။
“တော်ပါတော့ ငါ့ရှင် တစ်ရှက်ကနေ နှစ်ရှက် မဖြစ်ပါရစေနဲ့။ ဒီအတိုင်းလေးပဲ ရှိပါစေ တော့။ သဘက်ခါကျရင် တိတ်တဆိတ်လေးပဲ ပြန်ကြရအောင်ပါ။”
“ဟာ အရှင်ဘုရားတို့ကလည်း စစ်မရောက်ခင် မြှားကုန်နေပြန်ပြီ။ တပည့်တော် ပြော သလိုသာ ထပ်ပြီးရေးထားလိုက်စမ်းပါ။ ဒီကနေ့က မမြင်မိကြသေးလို့ နေမှာပါ။ လုပ်စမ်းပါ။ လုပ်စမ်းပါ။”
“တော်ပြီ ငါ့ရှင် ကိုယ့်ဘာသာကို သွားရေးချင်ရေးတော့။ တို့များကတော့ စိတ်လျှော့ လိုက်ပါပြီ။”
“အဲဒါပြောတာပေါ့ သာသနာပြုတဲ့နေရမှာ ဇွဲသန်ရမယ်ဆိုတာ….၊ တပည့်တော်ပဲ သွားထပ်ရေးထားလိုက်တော့မယ်။”
ဟုပြောကာ ပညာရှိသုခမိန်ကိုယ်တော်က သူ၏ ဆိုက္ကိုပညာသုံး အကြံကို သူကိုယ် တိုင်ပင် သွားရောက်၍ အကောင်အထည်ဖေါ်ထားလိုက်လေတော့သည်။

“ယနေ့နံနက် ၈း ၀၀ နာရီ တွင် သင်တန်းလက်ခံစာရင်း ပိတ်မည်။”

နံနက် ရှစ်နာရီကသာ ရှစ်နာရီအဖြစ်မှ အသစ်ပြောင်းလဲ၍ မိနစ် ၃၀ ဟူသော အချိန်ကာလကို ကျော်လွန်ကာ ၈ နာရီခွဲ ဖြစ်လို့သွားသည်။ ကျန် မည်သူမျှ မထူးခြား။ ဆိုက္ကို သည်လည်း ဆိုက္ကိုသည်သာ။ စာတန်းသည်လည်း စာတန်းသည်သာ၊ ရွာသူရွာသားများသည် လည်း ရွာသူရွာသားများသည်သာ။ သင်တန်းပို့ချ သာသာနပြုရန်ရောက်လာကြသော သူတို့အဖွဲ့သည်လည်း သူတို့အဖွဲ့သည်သာ…။ အရာအားလုံး ပင်ကိုယ်အတိုင်းပင်။
ထို့ကြောင့် သူတို့အားလုံး မည်သို့မှ မဖြစ်နိုင်တော့သည့်အဆုံးတွင် လက်မြှောက်အရှုံး ပေးလိုက်ကြလေတော့သည်။ နောက်တစ်နေ့ မနက်ဆိုလျှင် ကိုယ့်အထုပ်ကိုယ်ဆွဲ၍ လာလမ်း အတိုင်း ပြန်ကြရတော့မည်ဖြစ်၏။ သည်အချိန်၌ မည်သူ့ကိုမျှ အပြစ်မမြင် အပြင်မတင်ချင် တော့ပါ။ အခြေအနေက စီမံပေးသော ကံတရားအတိုင်းသာ လက်ခံလိုက်ကြပါတော့သည်။
“ဟာ ကိုယ်တော်တို့ ကိုယ်တော်တို့ ဟိုမှာကြည့်စမ်း”
ရုတ်တရက်ထအော်လိုက်သည်က အကြံကောင်းဥာဏ်ကောင်းကြီးများပေးခဲ့သော ပညာရှိသုခမိန်ကိုယ်တော်ဖြစ်၏။ သူညွှန်ပြရာဆီသို့ကြည့်လိုက်ရာ အင်္ကျီစွပ်ကျယ်အပြဲလေး များနှင့် ဘောင်းဘီတိုလေးများကို ၀တ်ဆင်ထားသော လွယ်အိပ်ကိုယ်စီနှင့် နွားကျောင်းသား လေး ခြောက်ယောက် ကျောင်းရှေ့လမ်းမတွင် ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
“လုပ်ပြန်ပြီဗျာ အလန့်တကြားနဲ့။ ဘာမှန်းလည်းမသိဘူး။ သူ့ဟာသူ နွားကျောင်းသား လေးတွေ ငှက်ပစ်သွားကြတာနေမှာပေါ့။ အဲဒါဘာဆန်းလို့လဲ”
“ဟာ မဟုတ်သေးဘူးကိုယ်တော်။ သင်တန်းလာတက်မလို့ ထင်တယ်။ အဲဒီနားမှာရပ် ပြီးတပည့်တော်တို့အဖွဲ့ကိုကြည့်နေကြတာကြာပြီ။”
“မဖြစ်နိုင်တာပဲဗျာ။ နွားကျောင်းသားက ယဉ်ကျေးလိမ်မာနဲ့ အင်္ဂလိပ်စကားပြော သင်တန်းလာတက်မှာလား စဉ်းစဉ်းစားစားလည်းပြောပါဦး။”
“ဟုတ်မဟုတ်သေချာသိရအောင် တပည့်တော်တို့ ခေါ်မေးကြည့်ကြရအောင်။ ဟေ့ ဟေ့ ကလေးတို့ မင်းတို့အဖွဲ့ ဒီမှာ သင်တန်းတက်ဖို့ လာကြတာ ဟုတ်တယ်မလား။”
ဟု နိမိတ်ပြမေးခွန်းကို မေးလိုက်၏။ ကလေးများက ဘာမှပြန်မပြော။ ကြောင်စီစီနှင့် သာရပ်နေကြသည်။
“ဒီနားကို ခဏလာဦး။ မင်းတို့ကို ဘုန်းဘုန်းတို့က မေးစရာလေးရှိလို့”
ကလေးများက တုပ်တုပ်မျှပင်မလှုပ် ကျောက်ရုပ်ကဲ့သို့သာ။
“အေး မင်းတို့မလာချင်လည်း ငါတို့လာခဲ့မယ်။ အဲဒီနားမှာပဲစောင့်နေ။ တော်တော်မာန ကြီးတဲ့ ကလေးတွေပဲ။ ခေါ်တာတောင်မလာဘူး။”
ပြောပြောဆိုဆိုနှင့် တစ်ပါးက ကလေးများရှိရာသို့ ထသွားသည်။ နောက်တစ်ပါးက လည်း မလှမ်းမကမ်းမှ လိုက်၏။ သူတို့ အနီးနားသို့ရောက်သောအခါ ကလေးများက ကြောက် လန့်တကြား ထွက်ပြေးကြတော့သည်။
“ဟေ့ကောင်တွေ နေကြဦးကွ၊ မင်းတို့ကို ဘာမှမလုပ်ဘူး။ မေးစရာလေးရှိလို့”
ကလေးခြောက်ယောက်နှင့် ဦးဇင်းနှစ်ပါး လူရှင်းသော လမ်းမပေါ်တွင် ပြေးတမ်းလိုက် တမ်း ကစားနေကြသည်။ ကလေးများက အစွမ်းကုန်ပြေး၏။ ဦးဇင်းနှစ်ပါးကလည်း မရပ်မနား လိုက်သည်။
“ကိုယ်တော် အလျှော့မပေးနဲ့ မီအောင်လိုက်။ မဟုတ်တော့လည်း အပျင်းပြေတာပေါ့”
ဦးဇင်းတစ်ပါးက လိုက်ရင်းနှင့် အခြားဦးဇင်းတစ်ပါးကို အော်ဟစ်အားပေးလိုက်သေး၏ မကြာမီ တစ်ပါးလျှင်ကလေးတစ်ယောက်နှုန်းဖြင့် စုစုပေါင်း ကလေးနှစ်ယောက်ကို လက်ရဖမ်း စီးမိလိုက်ကြသည်။
“ဟား….မောလိုက်တာကွာ။ ဟေ့ ကောင်လေးတွေ မင်းတို့က ဘာကြောင့် စွပ်ပြေးနေ ကြရတာလဲ။ ဟော..ဟဲ…ဟော ဟဲ…..ပြောလေကွာ။ ဘာလို့ ပြေးတာလဲလို့”
“လိုက်..လိုက် …လိုက်လို့ ပြေးတာပါ”
“ဟိုက် သေစမ်းဟ….မင်းတို့ ပြေးလို့ ငါတှို့က လိုက်နေတာကွ။”
“ကိုယ်တော် ငြင်းမနေနဲ့ ကျောင်းထဲကိုသာ ခေါ်လာခဲ့။ ဟိုရောက်မှ ရှင်းမယ်။”
ဟုဆိုကာ ဦးဇင်းတစ်ပါးက သူမိထားသော ကလေးတစ်ယောက်ကို ဆွဲ၍ ဘုန်းကြီး ကျောင်းဘက်သို့ ဦးတည်လေသည်။ ထို့မှနာက်၌ ကျန်တစ်ပါးကလည်း နည်းတူပြု၏။ ရွာဦး ဘုန်းတော်ကြီး ကျောင်းသို့ရောက်လျှင်  လှေကားထစ်များထိပ်၌ ထိုင်စောင့်နေကြသော ကိုယ်    တော်လေးပါးက အပြုံးကိုယ်စီဖြင့် ဆီးကြိုနှင့်ကြ၏။
“မင်းတို့ သင်တန်းတက်ဖို့လာကြတာ ဟုတ်တယ်မဟုတ်လား”
တရားရုံးကရှေ့နေကြီးများကဲ့သို့ တပ်အပ်သိနေသော မျက်နှာထားမျိုးနှင့် နိမိတ်ပြမေး ခွန်းကိုပင် ထပ်မေးလိုက်၏။ ကလေးနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် လိုက်ကြသည်။ စကားတစ်ခွန်းမှ မပြောကြသေး။ ထိုအခိုက်တွင် ဦးဇင်းတစ်ပါးက တစ်စုံတစ် ရာကို သတိရသည့်ပုံဖြင့် အပေါ်ထပ်သို့ ပြေးတက်သွား၏။ သူပြန်ဆင်းလာသောအချိန်၌ လက်ထဲတွင် ချိုချဉ်တစ်ထုပ်ပါလာ၏။ ချိုချဉ်ကို မြင်လိုက်ရသည့်အချိန်တွင် ကလေးများ၏ မျက်နှာအမူအယာတို့မှာ မချိုမချဉ်ဖြစ်ကုန်ကြ၏။ ချိုချဉ်ယူလာသောဦးဇင်းက သည်အထာကို နားလည်သည်။ ထို့ကြောင့် ပေးလာသည့်အခြေအနေကို အကျိုးရှိစွာအသုံးချလိုက်၏။
“မင်းတို့ မှန်မှန်ပြောရင် ဒီချိုချဉ်တွေ ကျွေးမယ်”
 “ဒီမှာ သင်တန်းတက်ဖို့ လာကြတာ မဟုတ်လား။”
တစ်ပါးက ချိုချဉ်ကိုပြ၍ ကလေးများကို ဖြားယောင်း၏။ တစ်ပါးကလည်း ထုံးစံအတိုင်း နိမိတ်ပြမေးခွန်းကိုပင် တတိယမိထပ်မေးသည်။ ထိုအခါ ကလေးတစ်ယောက ချိုချဉ်ထုပ်ကို ကြည့်ရင်း တံတွေးမျိုချလိုက်၏။ သူ့အလိုလို တံတွေးမျိုသည်ကို ခေါင်းညိမ့်သည်ဟု ယူဆကာ ချိုချဉ်ဆရာတော်က လက်ဖျစ်တစ်ချက်တွက်၍ မှတ်ချက်ပြုလေသည်။
“အဲဒါပဲကွ အမှန်တရားဆိုတာ၊ ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး။ ဟား ဟား မင်းတို့ ဘာငြင်းဦးမလဲ။ ရော့ ဒီမှာ ချိုချဉ်ခြောက်လုံးစီ ယူ”
“ဟ ကိုယ်တော် ကလေးတွေကို ဘာတွေလျှောက်ပြောနေတာလဲ။ အရှင်ဘုရား ကလည်း မြှူဆွယ်သေးတယ်။”
“မဟုတ်ပါဘူး။ ကိုယ်တောရဲ့၊ သူတို့စိတ်နဲ့ သူတို့ကိုယ် အစကတည်းက ဒီမှာသင်တန်း တက်ဖို့ လာခဲ့ကြတာ။ ဒီရောက်မှ မဟုတ်သလိုနဲ့ ပြန်ပြေးလို့။ ဒါ လိမ်လည်မှု တစ်ခုပဲ။ ဒါကြောင့် ပြောတာ။ ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး လို့”
သူ့စကားကို မဖြစ်ဖြစ်သလို လိုက်လံဖာထေးနေသေး၏။
“ကဲ ညီလေးတို့ မင်းတို့အားလုံး ခြောက်ယောက်အတူ လာခဲ့ကြတာနော်”
“ဟုတ်”
ကလေးများက ညီတူ ခေါင်းညိမ့်၏။
“အကုန်လုံးကို သွားပြန်ခေါ်လာခဲ့၊ ဒီမှာ ချိုချဉ်တွေ ရှိသေးတယ်။ ငါတို့က ချစ်ကြည် ရေးအဖြစ် ချိုချဉ်ကျွေးချင်လို့ ခေါ်တာလို့ ပြော”
“တကယ်ပြောတာနော်”
ကလေးတစ်ယောက်က သံသယတစ်ဝက်ပါသော မေးခွန်းကို ဆို၏။
“အေးပါကွ တကယ်ပေါ့။ မင်းတို့တောင် အခု စားနေသေးတာပဲ။ သွား မြန်မြန်သွားခေါ်  သူတို့အားလုံးပါလာရင် မင်းတို့ကို ချိုချဉ်တွေအများကြီး ဆုလာဘ်အဖြစ်ပေးမယ်။ မင်းတို့နှစ် ယောက်ထဲက များများနဲ့ မြန်မြန်ခေါ်လာနိုင်တဲ့လူကို ပိုပေးမှာနော်”
“ရုတ်တရက် ကလေးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်မထားကြပါဘဲ သုတ်ချေတင်တောသည်။ ဦးဇင်းခြောက်ပါးလည်း ကလေးဖမ်းဝရမ်းထုတ်ပြီး ဘုန်းတော်ကြီး ကျောင်း ဖိနပ်ချွတ်စခန်းမှ ထိုင်စောင့်နေကြ၏။ သိပ်မကြာခင် ကလေးခြောက်ယောက် ပြန် ရောက်လာခဲ့ကြသည်။ တစ်ယောက်လျှင် ချိုချဉ်ခြောက်လုံးစီ ထပ်မံ၍ဝေပေးလိုက်၏။ ကလေး များအားလုံး ပြုံးပျော်ကုန်ကြသည်။
“အေးအေး မင်းတို့အားလုံးရဲ့ နာမည်တွေ ပြောကြ။ စာရင်းကောက်ထားမယ်။”
 တက်တူ
 ပေတေး
 မာတောက်
 ချိုတူး
 မဲလုံး
 အောင်ဘု
“ဟာ ကမ္ဘာကျော်မယ့်နာမည်တွေပဲဟေ့။ ဒီနေ့ သင်တန်း စမယ်။ တို့ခြောက်ပါးစလုံး မနက်ဖြန် ပြန်စရာမလိုတော့ဘူး”
သင်တန်းစာရင်းကောက်နေသော ဦးဇင်းက ၀မ်းသာအားရဖြင့် ထအော်၍ အဖွဲ့သား အားလုံးကို ကြော်ငြာလိုက်သည်။ ကျန်ကိုယ်တော်များကလည်း ပြုံးခြင်းအားဖြင့် သဘာတူ လက်ခံကြောင်း အသိအမှတ်ပြု၏။ သို့နှင့် သူတို့အဖွဲ့ သင်တန်း စလိုက်ကြတော့သည်။ သင်တန်းကို ပထမဦးဆုံး ဦးဥာဏဒီပ က စတင်သင်ကြားပို့ချ၏။ သူက ကလေးကြိုက်ကဗျာ များကို ဆိုတတ်သည်။
“ကဲ လိုက်ဆို”
How do you do, Marry, Michael  how do you do? (လက်ခုပ်သံနှစ်ချက် သံပြိုင်)
Is there anything that we can do for you? (လက်ခုပ်သံနှစ်ချက် သံပြိုင်)
We are glad to welcome you and we hope you like us,too. How do you do? Marry, Michael how do you do? (လက်ခုပ်သံနှစ်ချက်သံပြိုင်)
အိုကေ နောက်တစ်ခေါက်။ ကလေးများက အသံကုန်အော်ဟစ်၍ ပျော်ရွှင်စွာသီဆိုကြ သည်။ ပီသသည်လည်း ရှိ၏။ ရောချသည်လည်းပါ၏။ သို့သော် အူလှိုက်သဲလှိုက် ပျော်မြူးနေ ကြသည်မှာတော့ အမှန်ပင်ဖြစ်သည်။
“သံစဉ် မရသေးဘူး။ ထပ်ဆိုလိုက်ကြရအောင်”
ကျန်ဦးဇင်းများကပါ ကလေးများနှင့်ပြိုင်တူလိုက်၍ ဆိုကြသည်။ ထို့နောက် မိနစ်ငါး ဆယ်ခန့်ကြာသောအခါ လေးငါးခေါက်မျှ ဆက်တိုက်ဆိုပြီး အားလုံး မောဟိုက်ကုန်ကြ၏။
“ဘုန်းဘုန်းတို့ အင်္ဂလိပ်စာသင်တယ်ဆိုတာ ဒီလိုသင်တာကို ပြောတာလား”
 “အေး ဟုတ်တာပေါ့ကွ။ ဘာလဲ မင်းတို့က မသင်ချင်လို့လား။”
 “မဟုတ်ပါဘူး။ သားတို့က ခက်တယ်မှတ်နေတာ။ ပျော်စရာတောင် ကောင်းသေး တယ်။”
“အေး နောက်နေ့ဆိုရင် ဒီထက်တောင်ပိုပြီး ပျော်စရာကောင်းဦးမှာ…ဟိုဘုန်းဘုန်းတွေ က သားတို့ကို ပုံပြင်တွေလည်း ပြောပြကြလိမ့်ဦးမယ်။ မြန်မာကဗျာတွေလည်း သင်ပေးလိမ့်ဦး မယ်။ နောက်နေ့လည်း လာတက်ကြဦးနော်။”
“ဟုတ်ကဲ့”
ဟု ကလေးများက သံပြိုင်ကတိပေးလိုက်ကြ၏။
“ဘုန်းဘုန်းတို့နဲ့ စကားပြောတဲ့အခါ ဟုတ်ကဲ့လို့  မပြောရဘူး။ “မှန်ပါ့ဘုရား”လို့ ပြောရတယ်။    မှတ်ထားနော်။”
“မှန်ပါ့ဘုရား”
“အလယ့် တယ်တော်တဲ့ ကလေးတွေပါ့လား။ ငါ့တပည့်တွေလို့ကို မပြောရဘူး။ ဟဲဟဲ”
          ပထမတစ်ချိန် အင်္ဂလိပ်စာသင်ပြီး ဒုတိယအချိန်၌ ကလေးကြိုက်ပုံပြင်များကို ပြောကာ သူတို့အဖွဲ့၏ ကမ္ဘာကျော် သာသနာပြု ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်းကို အရှည်ခန့်၍ တည်တံ့အောင်ဆွဲဆောင်လေသည်။
          “ဘုန်းဘုန်းက သားတို့ကို စာမသင်ခန်အရင်ဆုံး သရဲပုံပြင်ပြောပြမယ်။ နားထောင်ကြ မယ်မဟုတ်လား”
          “မှန်ပါ နားထောင်ကြပါမယ် ဘုရား”
           “အေး ဟုတ်ပြီ နားထောင်။ ဟိုး….ရှေ့ရှေ့ ဂျပန် ခေတ်လောက်ကတုန်းကပေါ့ကွာ။ ရွာတစ်ရွာကို ဂျပန်မာစတာကြီးတစ်ယောက် တာဝန်နဲ့ ရောက်လာခဲ့ဘူးတယ်တဲ့။  နေရတာက ရွာနဲ့မလှမ်းမကမ်း ဂတ်တဲလေးတစ်ခုမှာပေါ့။ ဂျပန်ကြီးကလည်း ရောက်ခါစ တစ်ယောက် တည်းဆိုတော့ တောက်တိုမယ်ရ ခိုင်းလို့ရအောင် ရွာထဲက ဗမာကောင်လေးတစ်ယောက်ကို ရွာသူကြီးကနေတစ်ဆင့် အမိန့်ထုတ်ပြီး ခေါ်ထားသတဲ့။ အဲဒါနဲ့ ညနေပိုင်း နေ၀င်ရီတရော အချိန်လည်းရောက်ရော ဂျပန်မာစတာကြီးက ဗိုက်ဆာလာလို့ ဗမာကောင်လေးကို ရွာထဲမှာ ခေါက်ဆွဲပြုတ်သွားဝယ်ခိုင်းလိုက်တယ်။ ဗမာကောင်လေးက မသွားရဲဘူး။ ဘာဖြစ်လို့လဲဆို တော့ ရွာထိပ်က သစ်ပင်ကြီးမှာ သရဲကြီးတစ်ကောင်ရှိတယ်ဆိုတာကို သူက သိထားတယ် လေ။ ဒါပေမယ့် မရပါဘူး။ ဂျပန်မာစတာကြီးရဲ့ အမိန့်ဆိုတော့ ကြောက်ကြောက်နဲ့ သွားရတာ  ပါပဲ။  မသွားရင်လည်း ဂျပန်ကြီးက သူ့ကို ထုမှာလေ။ ဒီလိုနဲ့ သူ ရွာထဲမှာ ခေါက်ဆွဲသွားဝယ် တာ။ အသွားတုန်းကတော့ အဟုတ်သား။ အပြန်လမ်း သစ်ပင်အောက်လည်းရောက်ရော။ သရဲကြီးက ဆင်းပြီးလိုက်တော့တာပဲ။
          “ဟာ”
          ကလေးများက အာမေဍိတ်သံဖြင့် တအံ့တသြ ထအော်ကြသည်။ ပုံပြောသော ဦးဇင်းက လေသံအေးအေးဖြင့် သူ၏ သရဲပုံပြင်ကို ဆက်၏။
          အဲဒီတော့ ဗမာကောင်လေးက ကြောက်ပြီး  ပြေးတာပေါ့။ ပြေးရင်း ပြေးရင်းနဲ့ ခေါက် ဆွဲထုပ်လည်း ကျကျန်ခဲ့ပါလေရော။ သရဲကြီးက ခေါက်ဆွဲထုပ်ရပြီဆိုတော့ ဆက်မလိုက်တော့ ဘူး။ ဒါပေမယ့် ဗမာကောင်လေးကတော့ ကြောက်အားလန့်အားနဲ့ ပြေးတာပါပဲ။ ဒီလိုနဲ့ ဂျပန်မာစတာကြီးဆီကိုလည်းရောက်ရော၊ မာစတာကြီးက မေးတယ်။ “ဘယ်မှာလဲ ငါမှာလိုက် တဲ့ ခေါက်ဆွဲပြုပ်”ပေါ့။ ကောင်လေးက ကြောက်ကြောက်နဲ့ ဖြေတယ်။
          “ဟိုနားမှာရှိတဲ့ သစ်ပင်ပေါ်က သရဲကြီး လုစားထားလိုက်ပြီ”တဲ့။
          အဲဒီအချိန်မှာ ဂျပန်မာစတာကြီးလည်း စိတ်ဆိုးတော့တာပဲ။ ဘယ်မှာလဲ အဲဒီသရဲဆိုတဲ့ လူဆိုး။ ငါကိုယ်တိုင် သေနတ်နဲ့သွားပစ်မယ် ဆိုပြီး သူ့ရဲသေနတ်ကိုဆွဲတယ်။ ဗမာကောင်လေး က ဂျပန်ကြီးကို ရှင်းပြရတာပေါ့။ မာစတာကြီး သရဲဆိုတာ လူဆိုးမဟုတ်ဘူး။ နာနာဘာဝကို ပြောတာ။ ဒါပေမယ့် ဂျပန်ကြီးက နားမလည်ပါဘူး။ သူ့စိတ်ထဲမှာ လူဆိုးလို့ပဲထင်နေတယ်။ ဒါကြောင့် ဗမာကောင်လေးက ထပ်ပြီးရှင်းပြပါတယ်။
          မာစတာကြီး နာနာဘာဝဆိုတာ တစ္ဆေကိုပြောတာပါ။ မာစတာကြီးထင်သလိုမဟုတ် ဘူး။
          ဒါလည်းမရပါဘူး။ ဒီလူဆိုးက နာမည်အမျိုးမျိုးနဲ့ သောင်းကျန်းနေတာလား။ ရတယ်။ ငါနဲ့ တွေ့ရသေးတာပေါ့ ဆိုပြီး ဆင်းသွားတယ်။
          အဲဒီနေ့က လပြည့်ညဆိုတော့ ဂျပန်ကြီးသွားတဲ့အချိန်မှာ လက ထွက်နေပြီ။ ဂျပန်ကြီး လည်းသစ်ပင်အောက်ကိုရောက်ရော သရဲကြီးက ခေါက်ဆွဲပြုပ်ကလေးစားပြီး ဗိုက်ဝလို့ သစ်ပင်ပေါ်မှာ သူ့ဗိုက်ကြီးကို တီးရင်း သီချင်းဆိုနေတာပါ့။
          “ရို့ရို့ စားမှာပဲ ၀ါးမှာပဲ။ ငါ့ကိုလာမတားနဲ့”
          သရဲကြီးက သီချင်းဆိုကောင်းနေတုန်း ဂျပန်ကြီးရောက်လာပြီး “ဘယ်ကောင်လဲကွ၊ စားနေ၀ါးနေတာ၊ ငါလာပြီ”လို့ လှမ်းအော်လိုက်တယ်။ အဲဒီအချိန်မှာ သရဲကြီးက …
          ဘူလေးလဲ အဲဒါဘူလေးလဲ ဆိုပြီး သူ့ရဲ့ သရဲမျက်လုံးကြီးကို စကောလောက်ရှိအောင် ပြူးပြလိုက်တယ်။ ပုံပြင်နားထောင်နေသောကလေးများက မကြောက်ဘဲ ၀ိုင်းရယ်ကြသည်။ ထို့နောက် ပုံပြောသည့်  ဦးဇင်းက ဆက်ပြော၏။
          စကောလောက်ပြူးလာတဲ့ သရဲမျက်လုံးကို ဂျပန်ကြီးက တော်တော်စိတ်ဝင်စားသွား တယ်။ ဒါကြောင့် သရဲကြီးကို သေချာစိုက်ကြည့်နေတာပေါ့။ ဒါနဲ့သရဲကြီးကလည်း နားရွက်ကြီး နှစ်ဖက်ကို သစ်ပင်ထက်ကြီးအောင် ကားပြလိုက်တယ်။ ဂျပန်ကြီးကတော့ ကြည့်နေတာပါပဲ။ မကြောက်ပါဘူး။ အဲဒီတော့ သရဲကြီးက သူ့ရဲ့ လျှာကြီးကို သစ်ပင်ပေါ်ကနေမြေကြီးထိအောင် ထုတ်ချ ပြလိုက်တယ်။ ဂျပန်ကြီးကြောက်မလားဆိုပြီးတော့ပေါ့။ ဟိုကလည်း မကြောက်ပါဘူး။ ဒါကြောင့် သရဲကြီးက အမျိုးမျိး ကြိုးစားပြီး ခြောက်တယ်။ သူတတ်သမျှ မှတ်သမျှ ခြောက် နည်းခြောက်ဟန်တွေနဲ့ပေါ့။  ကျွမ်းအပတ်တစ်ရာလောက်ကို မရပ်မနားထိုးပြတယ်။ သူ့ပါးစပ် ကြီးကို ဖြဲပြီး သစ်ပင်ကြီးကို ငုံပြတယ်။ အမျိုးမျိုးပဲ။ သရဲကြီး ကြိုးစားပြီးခြောက်နေလိုက်တာ တစ်ချို့ခြောက်နည်းတွေဆိုရင် ထပ်တောင်ထပ်နေပြီ။ ဂျပန်ကြီးကတော့ မပြေးပါဘူး။ ကြောက်လည်း ကြောက်တဲ့ပုံမပေါ်ပါဘူး။ ဒါကြောင့် သရဲကြီး စဉ်းစားတယ်။ သရဲကလူကို ခြောက်တာ လူက သရဲကြောက်ပြီး မသေဘဲ သရဲအမောဆို့သေတယ်ဆိုရင် သရဲတို့ ရာဇ၀င် စာတင်အောင်ရိုင်းတော့မှာပဲ ဆိုပြီးတော့
ကိုယ်ယောင်ဖြောက်သွားတော့တယ်။ ဂျပန်ကြီး လည်း ခေါင်းတညိမ့်ညိမ့်နဲ့  ပြန်လာခဲ့တော့ တယ်။
          ဂတ်တဲမှာတော့ ဗမာကောင်လေးတစ်ယောက်တည်း ကြောက်ကြောက်နဲ့ စောင့်နေ တာပေါ့။ ဂျပန်ကြီး တဲကို ပြန်ရောက်လာတဲ့ အချိန်မှာ ဗမာကောင်လေးက သရဲများ ၀င်ပူးလာသလားဆိုပြီး မရဲတရဲကြည့်လိုက်သေးတယ်။ အဲဒီအချိန်မှာ ဂျပန်မာစတာကြီးက ကောင်လေးရဲ့ ပခုံးကို ပုတ်လိုက်ပြီး စကားတစ်ခွန်း ပြောလိုက်တယ်။
          “မောင်မင်း လူကလေး အရမ်းတော်တယ်။ မာစတာကြီး ကမ္ဘာပတ်နေတာ ဒီလောက် တော်တဲ့ မျက်လှည့်စရာ တစ်ခါမှမတွေ့ဘူးသေးဘူး။ မောင်မင်းကြောင့်သာတွေ့ရတာ ဒါကြောင့် မောင်မင်းကို ဆုတော်ငွေပေးမယ်။ နောက်တစ်ခါ ဒီလိုမျက်လှည့်ဆရာမျိုးနဲ့တွေ့ရင် မာစတာကြီးကို စောစောပြော။ မောင်မင်းကို ဆုတွေအများကြီး ပေးမယ်”တဲ့။
          သရဲပုံပြင်၏ အဆုံးတွင် ကလေးများက မနေမနား ၀ိုင်းဟားကြသည်။
          “ကဲ ကဲ ပုံပြောပြီးပြီးဆိုတော့ စာဆက်သင်ကြရအောင်နော်”
          “မှန်ပါ့ဘုရား”
       
                        _       _       _       _       _       _       _       _

        “ ဟဲ့..မာတောက် လာလေ ကစားမယ်”
          “ ငါ အခု မစားသေးဘူးဟ…။ အင်္ဂလိပ်စာတွေကျက်စရာရှိသေးလို့”
          မာတောက်၏ စကားကြီးစကားကျယ်အပြောကြောင့် မိစုက နှုတ်ခမ်းရွဲ့ပြ၏။ မာတောက်ကလည်း ကလေးချင်းပေမမယ့် အကင်းပါးသည်။ သူ့အားအထင်သေးသဖြင့်သာ ဤသို့ ပြုမူကြောင်း တပ်အပ်သိ၏။ ထိုအခိုက် ပေတေးနှင့် ကလေးတစ်အုပ် မာတောက်နှင့်မိစု ရှိရာသို့ ဦးတည်၍ လာနေကြသည်။ တက်တူ ချိုတူး မဲလုံးနှင့် အောင်ဘုတို့လည်း ပါ၏။
          “ကဲ ငါတို့အဖွဲ့ခြောက်ယောက်စုံတုန်း အင်္ဂလိပ်ကဗျာဆိုပြမယ်။ နင်တို့တွေအားလုံး နားထောင်ကြနော”
          အောင်ဘု၏ စကားအဆုံးတွင် မိန်းကလေးအဖွဲ့က အချင်းချင်း နှာခေါင်းရှုံ့ပြကြ၏။ ထိုအချိန်တွင် ကမ္ဘာကျော်သင်တန်းသားခြောက်ယောက်က ရွာဦးဘုန်းတော်ကြီးကျောင်းတွင် သင်ခဲ့ရသော မပီမသနှင့် လက်ခုပ်တီးရင်း သံပြိုင်ဟစ်နေကြလေတော့သည်။ မာတောက်၏ အသံသည် အကျယ်ဆုံးဖြစ်၏။
          “ဟောင်း ဒူးယူ ဒူး မဲရီ မိုက်ကယ် ဟောင်း ဒူး ယူ ဒူး
          အစ်ဿဲ အဲနီဿးင်း ဿှက်ဝီခန် ဒူး ဖော် ယူ
          ၀ီအာ ဂလတ်တူ ၀ဲခမ်း ယူ အန်ဝီဟုပ် ယူလိုက် အပ် တူး
          ဟောင်း ဒူးယူ ဒူး မဲရီးမိုက်ကဲ ဟောင်းဒူးယူဒူး”
          မိန်းကလေးအဖွဲ့က သူတို့ကို ကျောသွားသော မာတောက်တို့အဖွ့အား မကျေနပ်ကြ။ သို့သော် သင်တန်းလိုကတ်ရန် အကပ်လိုသည်အထင်နှင့် မျက်နှာချိုသွေးရလေသည်။
          “ငါတို့လည်း မနက်ဖြန်ကျရင် နင်တို့နဲ့အတူ သင်တန်းလိုက်တယ်မယ်။ ခေါ်မှာလား”
          အေးလေ ခေါ်ရတာပေါ့။ နင်တို့ ဘယ်နှစ်ယောက်လိုက်မှာလဲ။
          ငါက င့ါမောင်လေးပါ ခေါ်ခဲ့မှာ။
          ငါက ငါ့သူငယ်ချင်းတွေအကုန်လုံးခေါ်ခဲ့မယ်။
          အေး ခေါ်ခဲ့ ခေါ်ခဲ့ ဘုန်းဘုန်းတွေက ချိုချဉ်လည်း ကျွေးတယ်။
          ရိုက်သေးလား နင်တို့ကို
          မရိုက်ပါဘူး ပုံပြင်တောင်ပြောပြသေးတယ်။
          အေး ဒါဆိုရင် ငါလည်းလိုက်မယ်။ မနက်ဖြန်ကျရင် ငါတို့အိမ်ကို ၀င်ခေါ်ဦးနော်”
          ကလေးအချင်းချင်း ပညာရေးတွင် အနိုင်မခံ အရှုံးမပေးချင်းသည့် ဂုဏ်တုဂုဏ်ပြိုင် စိတ်ဖြင့် သတင်းလွှင့်လိုက်ရာ တစ်ရွာလုံးနီးပါးရှိကလေးအပေါင်းတို့က သင်တန်းတက်ချင်စိတ် ပေါက်သွားတော့သည်။ ကမ္ဘာကျော်ခြောက်ယောက်၏ ကြွားလုံးဝါလုံးများက သင်တန်းပရိုမိုး ရှင်းကဲ့သို့ ဖြစ်သွားခဲ့ရ၏။

                   x        x        x        x        x        x        x        x       

          သင်တန်း ဒုတိယရက် မနက်စောစော ကိုယ်တော်ခြောက်ပါး အရုဏ်ဆွမ်းစားနေကြ စဉ် ကလေးအုပ်စုတစ်စု ဘုန်းကြီးကျောင်းဘက်သို့ချီတက်လာကြ၏။ တက်တူတို့အဖွဲ့က ဦး ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ကလေးများကျောင်းသို့ရောက်သောအခါ သင်တန်း ဆရာများက စာရင်းကောက်ယူပြီး စတင်သင်ကြားပို့ချလေ၏။ တပည့်များ တိုးလာသဖြင့် ဆရာများက အားရပါးရ သင်ကြားပေးသကဲ့သို့ ကလေးများကလည်း ချိုချဉ်စားရင်း ပျော်ပျော် ပါးပါး အော်ကြဟစ်ကြ၏။ သို့နှင့် သင်တန်းကာလ ဆယ့်ငါးရက်ခန့်သို့ရောက်လာသောအခါ သင်တန်းသူ သင်တန်းသား အယောက်တစ်ရာ့ငါးဆယ်အထိ ဖြစ်လာလေသည်။ လူကြီးမိဘ များလည်း စိတ်ဝင်စားမှု ပိုလာကြသဖြင့် သင်တန်းဆရာဦးဇင်းလေးများနှင့် လာရောက်၍ စကား စမြည်ပြောကာ ရင်းနှီးမှု ရယူကြ၏။ သူတို့အဖွဲ့တည်ထောင်လိုက်သော နွေရာသီသင် တန်းသည် ပိတ်ရက်နှင့်နီးကပ်လာသည်နှင့်အမျှ အမှန်တကယ် သင်တန်းရုပ်ပေါက်လာလေ သည်။
          သင်တန်းဆရာများထဲတွင် ကလေးကြိုက်ကဗျာများကို ရွတ်ဆိုရာ၌ လွန်စွာအသံ ကောင်းသော ဦးဥာဏဒီပကို ကလေးများက အထူးနှစ်ခြိုက် သဘောကျကြ၏။ သူ့အချိန်များ ဆိုလျှင် အလွန်ပင် ပျော်ရွှင်နေတတ်ကြသည်။ ပုံပြောကောင်းသော ဦဇင်း၏ အချိန်များတွင် လည်း ကလေးများက စိတ်ဝင်တစားနားထောင်ကြ၏။ ချိုချဉ်ကျွေးပြီးမှ စာသင်တတ်သည့် ဆရာတော်လေး၏ အချိန်များတွင်လည်း ကျေနပ်နေကြသည်သာ။
          ထိုကဲ့သို့ ဆွဲဆောင်မှုအမျိုးမျိုးနှင့် မရိုးအောင် သင်ကြားပြသတတ်သော သူတို့၏ သင်တန်းမဟာသည်   တစ်လတိတိပြည့်သော အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခြင်းသို့ ရောက် လေတော့သည်။ သတန်းမပြီးခင်စပ်ကြား သင်္ကြန်တွင်းကာလ၌ လူကြီးများအတွက် အခါကြီးရက်ကြီး တရားပွဲများကိုလည်း ခြိမ့်ခြိမ့်သဲ ကျင်းပပေးနိုင်ခဲ့ကြ၏။ ထူးထူးခြားခြားခြား သင်တန်းပိတ်ပွဲနေ့တွင်မူ ဆဋ္ဌမတန်းကျောင်းသူ သမီးလေး မေမြတ်လင်း၏ ဗုဒ္ဓ၀င်အကြောင်း ပြောကြားခြင်းအစီအစဉ်ကို ထည့်သွင်းခဲ့ရာ တက်ရောက်သူအပေါင်းက မျက်ရည်မဆည်နိုင် အောင်ဖြစ်ခဲ့ကြ၏။ 
          သူတို့အဖွဲ့အားလုံး ရန်ကုန်တွင်ကျောင်းပြန်တက်ဖို့ရာ အချိန်ကျရောက်လာလေပြီ။ တစ်နှစ်တာအတွက်နွေရာသီသင်တန်းလေးလည်း ပြီးဆုံးသွားပြီဖြစ်၏။ အားလုံးက ၀မ်းသာ ၀မ်းနည်းကြီးဖြင့် သင်တန်းဆရာများ၏ အပြန်ကို လိုက်ပို့ကြ၏။ နောက်နှစ်နွေရောက်ရင် ဆက်ဆက်ပြန်လာဖို့ မမေ့ကြရန်လည်း မှာကြားနေကြသည်။ 
          မိုးစက်မိုးပေါက်များက တစ်ဖွဲဖွဲလွင့်စင်ကျလာ၏။
          မိုးဦးကျတော့မည်။
          တရားဓမ္မမိုးများ နေရာအနှံ့ ဖြိုင်ဖြိုင်ရွာသွန်းဖြိုးနိုင်ပါစေ………..။


(အတူတူ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သွားသင်ခဲ့ကြဘူးသော ညီတော်နောင်တော်များ သို့ အမှတ်တရ)
                                   

Wednesday, August 22, 2012

အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်လျှင်



        
                                          အဖေမဆုံးခင်က မိသားစုဓာတ်ပုံ                     
                           
                     
         
            အတန်းတင်စာမေးပွဲကြီး နီးပြီမို့ သာသနာ့တက္ကသိုလ်တွင် ကိုယ်ပိုင်စာကြည့်ရက် ပေးထားသော (Pravite Study) အချိန်ဖြစ်သည်။ ကျောင်းဝန်းတစ်ခုလုံး စာကျက်သံများဖြင့် လွှမ်းခြုံနေ၏။ စာရေးသူ လည်း မိမိဖြေဆိုရမည့် တတိယနှစ်အတန်းတင်စာမေးပွဲကို လွယ်ကူချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် အပူ တပြင်း စာကျက်နေရသည်။ ထိုအခိုက်တွင် မျှော်လင့်မထားသော သတင်းဆိုးကြီးတစ်ခုက စာရေးသူထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။ 
          “ကိုကြီး....အဖေ့ကျန်းမာရေး အခြေအနေ မကောင်းတော့လို့ ကိုကြီးကို လာပြောတာ၊ မနေ့ညက အဖေ့ကို ဆေးရုံကနေ ပြန်ခေါ်လာခဲ့ပြီ။ အဖေ အရမ်းကို မောဟိုက်နေတယ်။ စကားလုံးဝ မပြောနိုင်တော့ ဘူး။ အစ်မကတော့ အဖေ့ဘေးနားမှာရှိတယ်။ ဘကြီးနဲ့ဒေါ်ကြီးလည်း အချိန်ပြည့်စောင့်ကြည့်နေတာပဲ။ခြေ ထောက်ကနေလွတ်ထားတဲ့ ဆေးက ဆက်မသွားတော့တာနဲ့ ဖြုတ်ထားလိုက်ပြီ။ ခုလောက်ဆိုရင်တော့....”
            ညီငယ်ပြောပြသော အဖေ့ကျန်းမာရေးအခြေအနေကို ကြားရသည်မှာ ဘယ်လိုမှ အားရစရာမရှိ။ မရဏာနုဿတိကမ္မဋ္ဌာန်းကိုသာ မျက်စိမှိတ်၍ အာရုံပြုလိုက်မိသည်။ ထိုအခိုက်တွင် အမေ၏ပုံရိပ်သည် အ တွေးအိမ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာ၏။ 
           “ညီလေး...အမေရော။ အမေ့ကျန်းမာရေးအခြေအနေကရော ဘယလိုလဲ။ နေကောင်းရဲ့လား။ ငါ  အမေ့အတွက်လည်း အရမ်းစိတ်ပူတယ်ကွာ”
            စာရေးသူသိချင်သောအကြောင်းအရာတို့ကို အလောတကြီး မေးလိုက်မိ၏။ သို့သော်ပြန်ဖြေသော
ညီဖြစ်သူ၏ စကားတို့ကို ကြားရသောအခါ ရင်ထဲတွင်ပို၍ပင် မွန်းကြပ်သွားရတော့သည်။ နှလုံးရောဂါအခံရှိ သော အမေကလည်း အဖေ့ကိုကြည့်ရင်း နှလုံးခုန်နှုန်း သာမာန်ထက်ပိုမြန်လာကာ ကျန်းမာရေးဖောက်ပြန် လာသဖြင့် အဖေ့ကို မမြင်နိုင်စေရန် ဘကြီးတို့အိမ်သို့ ပို့ထားရသည် ဟူ၍ပင်...။

Saturday, August 11, 2012

သမိုင်းတစ်ခု၏သက်သေ

(တစ်)
သာသနာ့တက္ကသိုလ်ကျောင်းသားကြီး ကျောင်းတော်က စာသင်ပြီး၍ ထိုက်ထိုက်တန်တန် ရလာသောနေရာ
ရလာသော ထောက်ပံ့ကြေး (၀ါ) လစာသည် “အများသိလျှင် ရယ်ပါလိမ့်မည်။ အမေသိလျှင် ငိုပါလိမ့်မည်။”
ဟုပင် ဆိုရမည့် အခြေအနေပါတကား။ သူကိုယ်တိုင်ကတော့ဖြင့် ငိုရမလို ရယ်ရမလို။

    “အင်း ပိုက်ဆံကလည်း အလုံအလောက်မပါ၊ အသိမိတ်ဆွေကလည်း တစ်စုံတစ်ယောက်မှမရှိနဲ့ ဘာဆို
ဘာမှ မပြည့်စုံတဲ့ ဒီနေရာမှာ (၂)နှစ်တာခရီးအထိ ဘ၀ကို ငါ ဘယ်လိုရွက်လွှင့်ရပါမလဲ.......? ။ 
 စဉ်းစားစမ်း....မင်း စဉ်းစားစမ်း။ ”

တွေးရင်းတွေးရင်း လေးလာသည့်ရင်ကို မနိုင်တော့သ၍ ထိုင်လျှက်အနေအထားမှ ပက်လက် အနေအထား
သို့ ရုတ်တရက် ပြောင်းလဲလိုက်သည်။

    “ကျွိ.....ကျွိ .....ကျွိ”
“သိမ့်” ခနဲဖြစ်သွားသည့် တုန်ခါလှုပ်ခပ်မှုက  အဝေးသို့ရောက်နေသော အတွေးမြှင်ကို ချက်ချင်းပင် ယူငင်
သိမ်းပိုက်ကာ သတိတရားကို လက်ကိုင် ပြုစေလိုက်၏။
    “ဟ ...ငလျင်......ငလျင် ဒါ ငလျင်လှုပ်တာပဲ။”
စည်းချက်မညီမညာနှင့်ယိမ်းနွဲ့နေသော ခြေတံရှည်ကျောင်းပေါ်တွင် ငလျင်ဒဏ်ကို ကြိတ်ခံနေ၍မဖြစ်။ ဤ
နေရာတွင် ကူမည့်သူ ကယ်မည့်သူဟူ၍ တစ်ဦးတစ်လေမျှပင် မရှိသည် မဟုတ်ပါလော။ သူ့အသက်နှင့်သူ့
ခန္ဓာကို သူ့ကိုချစ်ကြသည့် ဗုဒ္ဓဘာသာဝင်များရှိရာသို့ တင့်တင့်တယ်တယ် ပြန်လည်သယ်ဆောင်သွားနိုင်ပါ
မည့်အရေး ဘာမှတွေးမနေ ငေးမနေတော့ဘဲ အောက်သို့ ဆင်းပြေးမိသည်။ 

     ကျောင်းအောက်တွင် သစ်ပင်တို့သည် ငလျင်နှင့် မဆိုင်သည့်အလား တည်ငြိမ်နေကြ၏။ ရေအိုး ရေခွက်
များသည်လည်း သမာဓိအပြည့်နှင့်ပင်။ တစ်ခုတည်းသော ခြေတံရှည်ကျောင်းသည်သာ ဂီတမပါဘဲ နစ္စအမှု
ကို ကျူးလွန်နေဆဲ ဖြစ်လေတော့၏။ ထိုသောအခါမှ သူ အမြင်မှန်ရလာသည်။ ထင်းရှူးသားများဖြင့်    တည်
ဆောက်ထားသော ခြေတံရှည် သာသနာပြုကျောင်းငယ်သည် သူ၏ရုတ်တရက်ခါးဆန့်လိုက်ခြင်းနှင့်    လေ
တိုက်ခြင်းတို့၏ဒဏ်ကို တပြိုင်နက် ခံလိုက်ရကာ သွက်သွက်ခါသွားခဲ့ခြင်းသာဖြစ်ပါ၏။ 
   
    စင်စစ် သူထင်သကဲ့သို့ ငလျင်လှုပ်ခြင်း မဟုတ်ပါပေ။

                                       
(နှစ်)
ရန်ကုန်မြို့ကြီးပေါ်က သာသနာ့တက္ကသိုလ်တွင် သူနေခဲ့ရစဉ်က ခလုပ်ကလေးတစ်ချက်နှစ်လိုက်လျှင် မီးပွင့်
ပြီး ဘီးလေးတစ်ချက်လှည့်လိုက်လျှင် ရေလာသောဘ၀သည် ယခုကဲ့သို့ တောင်တန်းဒေသသို့   ရောက်လာ
သောအခါတွင်ကား အိပ်မက်နှင့်လက်တွေ့အလား ကွားခြားသွားတော့၏။ မီးအလင်းရောင်ရရှိရေး အတွက်
ဖယောင်းတိုင်ကို အားကိုးရသကဲ့သို့ သောက်သုံးရေ  ရရှိရေးအတွက် တောင်ပေါ်မှကျလာမည့်   စိမ့်စမ်းရေ
လေးကို မျှော်နေရသည်။ 
ရမ္ဘသုဘ သုရမ္ဘဟူသော ရွှေနုန်းသုံးဆောင်ကို စွန့်ခွါကာ တောထွက်တော်မူ၍ ခြောက်နှစ်တိုင်တိုင်ဒုက္ကရစ
ရိယာကို ကျင့်ကြံတော်မူခဲ့သော မြတ်စွာဘုရားအလောင်တော် သိဒ္ဓတ္ထမင်းသားလေးကို ကိုယ်ချင်းစာသည့်
စိတ်ဖြင့် ဆထက်ထမ်းပိုးတိုးပြီး ကြည်ညိုမိ၏။ ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ် ကိုရရှိနိုင်မည့်
အရေး အရာရာကို စတေးခဲ့သည်။ ခြောက်နှစ်တာမျှ ခဲယဉ်းသော ဒုက္ကရစရိယာအကျင့်ကို   ကျင့်ခဲ့ရသည်။
ထို့အတူ ဘုရားသားတော်ဖြစ်သောသူသည်လည်း (B.A Buddhism) ဘွဲ့ကိုရရှိနိုင်ပါမည့်အရေးအတွက် ဤ
မျှတော့ ပေးဆပ်ရပေလိမ့်ဦးမည်။ ထိုသို့သာ စိတ်ကိုဖြေသိမ့်၏။ 
ညနေခင်းအချိန်တုန်းက ရွာထဲသို့ သူ စ၀င်လာစဉ်ကြုံခဲ့ရသော ဖြစ်ပုံများကို ပြန်လည်မြင်ယောင်မိ၏။ ထို့
နောက် တစ်ကိုယ်တည်း ပြုံးနေမိသည်။
      “ဒီရွာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိတယ် မဟုတ်လား”
       “x x x x x”
       သူနားမလည်သည့်ဘာသာစကားကို တစ်ခွန်းတည်း တိုတိုပြတ်ပြတ်ပြော၍   ထွက်ခွါသွားသောလူ၏
နောက်ကျောပြင်ကိုငေးလျှက် စိတ်မသက်သာစွာဖြင့် သက်ပျင်းချမိသည်။ 
       “ဟူး....ဘာဆက်လုပ်ရပါ့မလဲ..။”
       “.............................................
        .............................................”
       “ဟော..ဟေ့လူ ခဏ၊ ခဏ မေးစရာလေးရှိလို့ပါ”
ထိုလူ လှည့်ကြည့်သည်။
       “ဥက္ကဋ္ဌအိမ်က ဘယ်နားမှာလဲ၊”
       “x x x x x x x x x”
        “ဘာပြောတာလဲ ဗမာလိုလေး ပြောပေးပါ့လား”
        “ မ တတ် ဖူး”
ဗမာစကားတစ်ခွန်းကို မပီမသဖြင့် စတင်နားဆင်ခွင့်ရလိုက်၏။ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ သို့သော် အဆို
ပါ “မတတ်ဘူး” ဆိုသည့် စကားမှပို၍ ထွက်မလာ။ ဘာမေးမေး မတတ်ဘူး ဟုသာ ဖြေသည်။ အခြေအနေက
ထူးခြားမလာသည်မို့ ဘေးဝဲယာသို့ ဝေ့ကြည့်လိုက်မိ၏။ မလှမ်းမကမ်းတွင်ခြင်းတောင်းတစ်ခုကိုကြိုးနှင့်သိုင်း
၍ရွက်ကာ ဖြတ်သွားသည့် အမျိုးသမီးကြီးတစ်ယောကကို လှမ်းမြင်လိုက်ရသည်။ မျှော်လင့်ချက်ခွန်အားသိပ်
မများတော့သော်လည်း ထိုအမျိုးသမီးကြီးကိုပင် အဆင်ပြေလိုပြေငြား အော် မေးကြည့်လိုက်၏။
         “ အဒေါ်ကြီး....ဘုန်းကြီးကျောင်း ဘယ်နားမှာရှိလဲဗျ”
         “နင်တို့အိမ်ကိုပြောတာလား”
          “ ဟာဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့အိမ်ကိုပြောတာ။ ဘယ်နားမှာရှိလဲ။”
          ”ဟိုးက ...တောင်ပေါ်မှာ..”
          “ဥက္ကဋ္ဌကြီးအိမ်ကရော”
          “ဒီနားမှာပဲ..နင်လှမ်းကြည့်ရင် မြင်ရမယ်”
          “ဟုတ်ကဲ့ ကျေးဇူးပါ။ သြော်..ဒါနဲ့ စကားမစပ် အရင်က ဒီရွာမှာလာနေသွားတဲ့ ဦးဇင်း ဦးသောမဆိုတာ
ကိုသိလား။”
           “ အဲဒါ..ငါတို့နဲ့ မဆိုင်ဘူး”    
            “ဟိုက်! လျှာရှည်မိမှာပဟ။ အင်း အင်း ကျေးဇူးတင်ပါတယ်။ သွားဦးမယ်နော်”

တောင်ဇလပ်တွေပွင့်သည့်မြေ

တောင်ဇလပ်ပန်း

ကျေးဇူးတင်လွှာ

ပုံမှန်မတင်ပေးနိုင်တဲ့ပိုစ့်တွေကို သည်းခံစောင့်စားဖတ်ရှုရင်းအားပေးစကားပြောကြတဲ့သူငယ်ချင်းများအားလုံးရဲ့ကျေးဇူးကို တစ်သက်မမေ့ပါဘူးဗျာ